လက်ပံတန်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့် စံပြကျေးရွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင် ဦးစီးမှူး ဦးသန်းလွင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စံပြကျေးရွာဆု ရွေးချယ်ရေးအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျေးရွာကော်မတီများက စီမံကိန်းလက်စွဲပါ ညွှန်ကြားချက် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ရန်ပုံငွေခွဲဝေထုတ်ချေးမှုဆိုင်ရာများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်းချက် အားသာချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးမှူး ဦးသန်းလွင်က ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စံပြကျေးရွာဆုရရှိသော ကံကလေးကျေးရွာ၊ စာရင်းဇယားအကောင်းဆုံးဆုရ ရှမ်းကွင်းကျေးရွာ၊ စည်းလုံးညီညွတ်မှု အကောင်းဆုံးဆုရ ချောင်းသုံးခွကျေးရွာများကို ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး စံပြကျေးရွာစုရရှိသော ကံကလေးကျေးရွာ ကော်မတီဝင်ဦးကျော်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)