ပွင့်ဖြူ ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ် ၊ စိတ် ၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးဝါယမ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ရေပုတ်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျောင်းသားကျောင်းသူ ၂၈၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရကာ သင်တန်းတွင် ဗုဒ္ဓဘာသာ သာသနာတော်အား အစဉ်စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး ဆောင်ရွက်ရမည့်အချက်များနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်း တွင် ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို ကျောင်းသားကျောင်းသူများ လက်တွေ့အကျိုးရှိရှိ အသုံးချ နိုင်ရေးအတွက် အရည်အချင်းစစ်ဆေးခြင်းဆိုင်ရာ စာမေးပွဲအား ထည့်သွင်းကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းကို ဧပြီ ၉ ရက်နေ့မှ မေ ၇ ရက်နေ့အထိ အချိန်(၁)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က နွေရာသီယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို မင်းဘူးမြို့ ကေလာသဖမြေကဇာတိသွေး သဘာဝဘေးသင့်နေသူများကို ကူညီကြပါစို့ ပရဟိတအဖွဲ့မှ နာယကဆရာတော် ဦးဥတ္တမ ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက အာဟာဒါနကုသိုလ်အဖြစ် ကြာဇံဟင်းခါးများ သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် အိမ်ခြေ ၆၇၃ အိမ် ၊ အိမ်ထောင်စု ၇၀၄ စု ၊ လူဦးရေ ၃၄၄၀ ဦး ရှိပြီး ဒေသခံ ပြည်သူများမှာ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး ကျေးရွာရှိ ကလေးငယ်များအားလုံးမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသောအားဖြင့် ချစ်စရာ ဆံရစ်ဝိုင်းထားခြင်းဓလေ့ကို ယနေ့ထိတိုင် ထိန်းသိမ်းလျက် ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း အဆိုပါရေပုတ်ကြီးကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်းဌေးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )