ကော့သောင်း ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကော့သောင်းခရိုင် စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ဒေသခံပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများ၊ စာတတ်မြောက်စေရေးအတွက် ရည်ရွယ်ချက်ဖြင့် စာတတ်မြောက် ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ အဆင့်ဆင့်စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စာသင်ယူသူများသည် အခြေခံစာတတ်မြောက်ရေးစွမ်းရည် သာမကနိုင်ငံသားကောင်း အခြေခံအလေ့အကျင့်များ ပိုမိုရရှိလာနိုင်ရန်၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန် ကိရိယာဖြစ်သည့် အရေး၊ အဖတ်အတွက် အခြေပြုသင်ကြားခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝမြင့်မားရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နှင့် ပညာပေးရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ခရိုင်အဆင့် အခြေခံ စာတတ်မြောက် ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊သင်တန်းသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားစေလို ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကော့သောင်းခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးက အခြေခံစာတတ် မြောက်ရေး လုပ်ငန်းခရိုင်အဆင့်ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာမှ မိတ်ဆက်စကားပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူများအား “မနီကလေးပြုံးနိုင်ပြီ” ဗီဒီယိုကလစ်အား ပြသ၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစာတတ်မြောက်ရေး ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)