ကျွန်းစုမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေး

ကျွန်းစု ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟု သုတများ တိုးပွားစေရေးနှင့် စာကြည့်တိုက်သို့ လာရောက်၍ မိမိတို့ဝါသနာပါသည့် အကြောင်းအရာများကို လေ့လာဆောင်ရွက်တတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်” ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးထံမှ သိရသည်။

သင်တန်းကို ဧပြီလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့ အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ အထက်တန်းပြ ဆရာမ ဒေါ်ကြူကြူဝင်းက အခြေခံအင်္ဂလိပ်စာများဖြစ်သော English Grammer၊ ဝေါဟာရများ၊ စကားဆက်များအား သင်ကြားသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များရှိ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)