ပေါက်ခေါင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် သစ်တောသစ်ပင်များအား စိုက်ပျိုးပြုစုထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြည်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးဝင်းတို့ ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိရုံးဝန်းအတွင်းရှိ အရိပ်ကောင်းမွန်သည့် သစ်ပင်ရိပ်များအောက်၌ ကျောင်းသား၊ ကျောင်းသူလေးများအား ဦးစီးအရာရှိဦးနေမျိုးဝင်းက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာများအကြောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုးမှ သစ်တောသစ်ပင်များအား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး၊ ပျိုးဉယျာဉ်လုပ်ငန်းများနှင့် ပတ်သက်၍ မြို့မပျိုးဉယျာဉ်တွင်ပျိုးထောင်ထားရှိသည့် အပင်များအား လိုက်လံရှင်းလင်းပြသခြင်း၊ ပျိုးဉယျာဉ်အနီး တောင်နဝင်းကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)အတွင်း (၁၉၁၉) ခုနှစ်က တည်ထောင်စိုက်ပျိုးခဲ့သည့် နှစ်(၁၀၀)ကျွန်းစိုက်ခင်းမှ သယ်ဆောင်သိမ်းဆည်းထားရှိသည့် နှစ်(၁၀၀)ကျွန်းသစ်လုံးများအား ရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲသို့ ပြည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးဝင်း ဦးဆောင်သော သစ်တောဝန်ထမ်း (၂၀)ဦး၊ အ.ထ.က(ပေါက်ခေါင်း)မှ ကြီးကြပ်ဆရာမ(၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၃၁)ဦး၊ ပေါက်ခေါင်းမြို့ သစ်တောဝန်ထမ်းများ၏ သား/ သမီးများဖြစ်သော ကျောင်းသား/ ကျောင်းသူ(၈)ဦး စုစုပေါင်း(၁၆၅)ဦး တက်ရောက်ခဲ့ပြီး၊ အသိပညာပေးဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများမှ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)