တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

တောင်တွင်းကြီး ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေ (၆:၃၀)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာ(၆)ရွာရှိ အိမ်ခြေ(၇၉)လုံး အမိုးလန်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အိမ်(၁)လုံး ပြိုကျခဲ့ကြောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ ခရစ်ယာန်အဆောက်အဦ(၁)လုံး အနည်းငယ်ပျက်စီးခဲ့ကာ အောင်မြင်ဇေယျ(ရခိုင်) စေတီတော်မြတ်ကြီး စိန်ဖူးတော် အနည်းငယ်စောင်းခဲ့ကြောင်း သိရသည်။

ဌာဆိုင်ရာအဆောက်အဦပျက်စီးမှုများအနေဖြင့် MRTV စက်ရုံ ရေစင်ရှိ ရေတိုင်ကီ (၄)ပေပတ်လည် ကန်(၂)ကန် ရေစင်အောက်ပြုတ်ကျခြင်း၊ အ.ထ.က(၁)စာသင်ကျောင်းရှိ ဆိုင်ကယ် Stand မြေပေါ်သို့ပြိုကျခြင်း၊ မြို့နယ် ပြည်သူ့ဆေးရုံအမိုးလန်ခြင်း၊ စာသုံးသူရေးရာဦးစီးဌာနပိုင် ရေဦးအုပ်စု နှောပင်ရိုးကွင်းရှိ (၄)ခန်းတွဲ(၁)ထပ် သိုလှောင်ရုံအမိုးလန်၍ ဒိုင်း၊ မျှား(၂၀)ခန့်ပျက်ဆီးခြင်း၊ ဘူတာရုံရှိ စကားပြောစက်တိုင်လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်(၁၄၇)သိန်းခန့်ဖြစ်ကြောင်းနှင့် ဘူတာရုံရှိ စကားပြောစက်တိုင် လဲကျခြင်းအတွက် ခန့်မှန်းတန်ဖိုးတွက်ချက်မှုအား သာစည်-ပုဂံမှအကြီးအကဲများ လာရောက်စစ်ဆေးပြီးချိန်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)