မုံရွာခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဧပြီ ၂၄

မုံရွာခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာမုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမျိုးသားစီမံကိန်းဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁/၂၀၂၄) ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ယခုနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် မုံရွာခရိုင်၏ လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍  အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်၍ အတည်ပြုပြဌာန်းလိုက်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေအရ မုံရွာခရိုင်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို (၂.၉) ရာခိုင်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေမှ လုပ်ငန်းပေါင်း (၃၆၆) ခု အနက်မှ လုပ်ငန်း (၁၀) ခု ပြန်လည်အပ်နှံခဲ့ရပါကြောင်းနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် မုံရွာခရိုင်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကျပ် (၃၂.၆၉၇) ဘီလီယံဖြင့် လုပ်ငန်းစီမံကိန်း စုစုပေါင်း(၂၉၇) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘတ်ဂျက်သည်လည်း ချိတ်ဆက်မှုအားကောင်းဖို့ လိုအပ်ပါကြောင်း၊ ၎င်းဒေသန္တရ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ မမျှော်မှန်းနိုင်တဲ့ အခြေအနေများ ပေါ်ပေါက်လာလျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုတင်အစီအမံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရေးဆွဲထားရန်နှင့် ဘတ်ဂျက်တောင်းခံခြင်း မပြုမှီကပင် စီမံကိန်းများကို စနစ်တကျ၊ အစီအစဉ်တကျ ရေးဆွဲထားရှိရေးလည်း လိုအပ်ပါကြောင်း၊ အဆိုပါ အချက်အလက်များကိုလည်း ခရိုင်အဆင့် ဌာနဆိုင်ရာများ အားလုံးလိုက်နာပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ရွေးချယ်ရာတွင်လည်း၊ စီမံကိန်းမစတင်မီ အချိန်ကတည်းက စီမံကိန်းစက်ဝန်းတစ်ခုလုံးကို ကြိုတင် ဆန်းစစ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ပေးချေရမည့် တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ကောင်းများ ရရှိရေးသည်လည်း အရေးကြီးပါကြောင်း၊၊

နိုင်ငံတော်မှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မုံရွာခရိုင်အတွင်း MSME စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများကိုလည်း မတည်ရင်းနှီးငွေထုတ်ချေးပေးသည့်အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတာ ဖြစ်ပါကြောင်း

 ကိန်းဂဏန်းအချက်အလက်များမှ မူဝါဒ(Data to Policy) ချမှတ်ရာတွင် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များပြည့်စုံတိကျမှု၊ မှန်ကန်ခိုင်မာမှုရှိရန် လိုကြောင်း၊ မုံရွာခရိုင်အတွင်း ဆီဖူလုံမှု၊ ပဲဖူလုံမှုများ ရှိသော်လည်း ဆန်ဖူလုံမှု မရှိသေးသည့်အတွက် ယခုနှစ် ချမှတ်ထားသော စီမံကိန်းကို ပြည့်မှီအောင် အကောင်အထည်ဖော်သွားကြရန်လိုကြောင်း

မုံရွာခရိုင်၏  မေခရိုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိပြီး သန့်ရှင်းသောသောက်သုံးရေ၊ လမ်းတံတားများ၊ လျှပ်စစ်မီး၊ ဆည်မြောင်း၊ တာတမံ၊ ဆေးရုံ၊ ကျောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတွင် တိုင်းဒေသကြီးဘတ်ဂျက်များ ဖြင့်လည်းကောင်း၊ ပြည်ထောင်စုဘတ်ဂျတ်များဖြင့်လည်းကောင်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မုံရွာခရိုင်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း (၂.၉) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းချက်ကို ပြည့်မှီကျော်လွန်အောင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများဖြင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးလွင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီးနောက် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်ရာတွင် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ နိုင်ငံပိုင်လုပ်ငန်းစီမံကိန်းများ၊ ဆက်သွယ်ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လည်းကောင်း၊၊ မုံရွာမြို့နယ်/ ချောင်းဦးမြို့နယ်/ အရာတော်မြို့နယ်/ ဘုတလင်တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)