နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် နွေရာသီအားလပ်ရက်များ၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး

နတ်မောက် ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ ရွာဦးကျောင်းတွင် နွေရာသီအားလပ်ရက်များ၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ နွေရာသီကျောင်းပိတ်ရက်၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စိတ်ထားနူးညံ့သည့် ကလေးများကို ပိုမိုယဉ်ကျေးလိမ္မာလာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရေန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို မေလကုန်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဆရာတော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တက်ရောက်သင်ကြားနေသော ကျောင်းသား/သူများမှ ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း