ပဲခူးမြို့၌ ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်

ပဲခူး ဧပြီ ၂၄

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မိမိနိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့စိတ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အဓိပ္ပာယ်ရသည့် “အစဉ်အသင့်” ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူငယ်(၅၇)သန်းကျော်သော ကင်းထောက်လူငယ်များသည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အများအားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေတာကို တွေ့မြင်နေရကြောင်း၊ သင်တန်းတက်ရောက်မည့် ကင်းထောက်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိဖို့၊ တိုင်းပြည်က အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်ကိုယုံကြည်တဲ့ စိတ်ဓာတ်ခိုင်မာသူများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံအားဖြင့် နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့စိတ်၊ ကိုယ့်တိုင်းပြည်၏ ရေ၊ မြေ၊ တော၊ တောင်များကို ချစ်တတ်တဲ့စိတ်ဓာတ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အတွက် အထောက်အကူပြုစေမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစေရန်၊ မိမိတို့ဝါသနာပါသည့် ပညာရပ်များ လေ့လာဆည်းပူးနိုင်စေရေ နွေရာသီလူငယ်သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ ကြိုးစားလေ့ကျင့်သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ကင်းထောက် မောင်/မယ်များ၊ နွေရာသီလူငယ်သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ကင်းထောက်သင်တန်း၌ သင်တန်းသား/သူ(၁၂၀)ဦးဖြင့်လည်းကောင်း၊ ယခုနှစ်မှစတင်၍ နွေရာသီလူငယ်သင်တန်းအား အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ကာယပညာသင်တန်း၊ ဘင်ခရာနှင့် ပန်းပွားသင်တန်းတို့၌ ကျောင်းသား/သူ(၃၈၀)ဦးဖြင့်လည်းကောင်း၊ ဆို၊ က၊ ရေး၊ တီး အတွက် ဘာသာရပ်တစ်ခုလျှင် သင်တန်းသား(၂)ဦးစီဖြင့် ဂီတမွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)