ပြည် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်၌ ဧပြီလ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သော (၄၆) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက စေတီတော်စွယ်တော်တိုက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စီုးဦးဟန်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များတက်ရောက်ကြပြီး ရှေးဦးစွာ နမောတဿ ဗုဒ္ဓပဏာမဂါထောတော်ကို တရားနာပရိတ်သတ်အပေါင်းတို့က သုံးကြိမ်ရွတ်ဆိုကန်တော့ကြသည်။ ဆက်လက်ပြီး ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ရွှေဆံတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနဂဝံသ ဆရာတော်ကြီးထံမှ (၅) ပါးသီလ ခံယူဆောက်တည်ကြကာ ပြည်မြို့ဇောတိကရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ အရှင်ကဝိန္ဒဇောတိစာချဆရာတော်က ဇေယျမင်္ဂလာအောင်ဂါထာတော်ဖြင့် ဘုရားရှင်အား ပူဇော်ပြီး ဂေါပကအဖွဲ့ကိုယ်စား ဂေါပကအဖွဲ့ဝင်အလှည့်ကျဂေါပကအဖွဲ့ ဦးကြင်စိန်က ပဋ္ဌာန်းသိမ်းအောင်ပွဲလျှောက်ထားလွှာကို ပူဇော်ဖတ်ကြားသည်။
ယင်းနောက် အသံမစဲမဟာပဋ္ဌာန်းပွဲအတွက် ကောက်ခံရရှိသောအလှူငွေများမှ သြဝါဒါစရိယ ဆရာတော်ကြီး (၁၀) ပါးအား နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းကြပြီး ပြည်မြို့ဇောတိကရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ တိုက်ကြပ်နာယက ရွှေဆံတော်ဂါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တမသီရိ ဆရာတော်ကြီးက အနုမောဒနာတရားနှင့် ရေစက်ချတရားချီးမြင့်တော်မူသည်။
ထို့နောက် ပြည်မြို့ဇောတိကရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ အရှင်ဣဿရိယဇောတိ စာချဆရာတော်က နတ်ပို့ဂါထာတော်ကိုရွတ်ဆိုပူဇော်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အသံမစဲမဟာပဋ္ဌာန်းပွဲကြီးအောင်ပွဲအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)