ကော့ကရိတ် နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့နွဲကျွေးရွာတွင် CERP အရ RS နှင့် CS မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ၏ (၁၀) ဧက စံပြစိုက်ခင်း၌ ယနေ့နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ် ခြင်း၊ ကွင်းစစ်ဆေးခြင်းနှင့် တောင်သူပညာပေးကွင်း လက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် မျိုးစေ့ထုတ်တောင်သူများနှင့် အခြားသော စပါးစိုက် တောင်သူများမှ (Farmer - Farmer) မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့၏ အတွေ့အကြုံများအား အပြန်အလှန်ဆွေးနွေးခြင်း၊ မျိုးလိုအပ်ချက်၊ မျိုးလိုအပ်မှု အခြေအနေ ၊ အခြားစပါးမျိုးကွဲများ စိုက်ပျိုးမှု အခြေအနေ၊ ယနေ့ ကြုံတွေ့နေရသည့် ပြောင်းလဲလာသော ရာသီဥတု အခြေအနေနှင့်ပတ်သတ်၍အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိူင်မှ CERP မျိုးစေ့ထုတ်မှ ထွက်ရှိလာသော မျိုးများအား သန့်စင်ခြင်းလုပ်ငန်းစဉ်များ၊ မျိုးစေ့နမူနာယူပြီး စစ်ဆေးမည့် လုပ်ငန်းများနှင့် သိုလှောင်ဖြန့်ဖြူးသွားမည့် လုပ်ငန်းစဉ်များ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အေးအေးနွယ်မှ မျိုးစေ့ထုတ် စိုက်ခင်းများတွင် မြေသြဇာအသုံးပြုခဲ့မှု အခြေအနေ များ၊ ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်သီမာဝင်းမှ ပိုးမွှား ရောဂါကျရောက်မှု၊ ကာကွယ်နှိမ်နင်းခဲ့မှု အခြေအနေများ ၊ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်ဝင်းဝင်းနိုင်မှ မျိုးကွဲပယ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဖြည့်စွက်သုံးသပ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တောင်သူများအား တောင်သူပညာပေး လက်စွဲစာအုပ်များ ဖြန့်ဝေပေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တောင်သူပညာပေးကွင်း လက်တွေ့ပြသခြင်းဆွေးနွေးခြင်းကို ကော့နွဲကျေးရွာ၊ တတန်ကူးကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ ရန်ကုတ်ကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ အမှတ် ၄ ရပ်ကွက်မှ မျိုးစေ့ထုတ်တောင်သူများနှင့် ပတ်ဝန်းကျင်ရှိ တောင်သူများ၊ ကွင်းဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ပညာရှင်များ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း