ဘိုကလေး ဧပြီ ၂၄
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေး တားဆီးကာကွယ်နိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ဧပြီ(၂၃)ရက် ညနေပိုင်း၌ ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖိုကြောင့် မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြိမ်းသတ်နည်း တို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး စက်သုံးဆီအရောင်း ဝန်ထမ်းများအား လက်တွေ့ငြိမ်းသတ် စေခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)