ငါးသိုင်းချောင်း နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မ ဈေးနှင့်အောင်ဆန်း ရပ်ကွက် ဈေးအတွင်း၌ ဈေးရောင်းချသူဈေးသည်များ (mask) နှာခေါင်းစည်းနှင့် မျက်နှာက (face shield) များ စနစ်တကျတပ်ဆင် ရောင်းချစေရေး၊ ဈေးရောင်းဈေးဝယ်ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေးကွင်းဆင်းစစ်ဆေးခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခြင်း၊ မြို့တွင်းရှိဈေးများနှင့် ပုဂ္ဂလိကဈေးဆိုင်များတွင် သက်ဆိုင်ရာက ညွှန်ကြားထားသည့် သတ်မှတ်ညွှန်ကြားချက်၊ ကန့်သတ်ချိန်များ အတိုင်း ရောင်းချရေး လိုက်လံစစ်ဆေးခြင်း၊ အများပြည်သူဆက်သွယ်သွားလာလျက်ရှိရာ မြို့တွင်း၌ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (mask) နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဆက်သွယ်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်း၊ (mask)နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းများကို မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့စခန်းတို့ ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က လှည့်လည်ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)