ချောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)အတွက် သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် တက်ရောက်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လက်ရှိဖွင့်လှစ်ထားရှိသည့်အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် ဆက်လက်ဖွင့်လှစ်သွားမည့် ကျောင်းများ၏ သတ်မှတ်ချက်မူများ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့်ဘာသာရပ်များ အဆိုပါကျောင်းများမှ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်းပြောကြားပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် လက်တွေ့ပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး မှတ်တမ်းဓာတ်ပုံများအား ပရိုဂျက်တာဖြင့်ပြသပြီး သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုအခြေအနေအား လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံ(ချောက်)မှ ဌာနမှူးများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ဂွေးချို)မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)