ပေါက်ခေါင်း နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၅)ကို ရောဂါပိုးစတင်တွေ့ရှိသည့် ရက်နေ့မှစ၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသ ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ် ကာလရက် ပြည့်မြောက်သည့် အချိန်တွင် ကောင်းမွန်သဖြင့်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိမ့်သိမ့်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူ တစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းခဲ့ကာ ပေါက်ခေါင်းမြို့နယ် ပရဟိတနာရေး ကူညီမှုအသင်းနှင့် ကရုဏာရောင်ခြည် ပရဟိတအသင်းတို့မှ ကားများဖြင့် အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၅)ဦး ထပ်မံတွေ့ရှိရာ အဆိုပါ (၅)ဦးလုံး ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုသဖြင့် ယခုအခါ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)