ပုသိမ် ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘော်လီဘော အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့်ကြံ့ခိုင်သော စိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့ တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလီဘော ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အမျိုးသမီးအသင်းနှင့် မြောင်းမြခရိုင် အမျိုးသမီးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကိုလည်းကောင်း၊ ဟင်္သာတခရိုင် အမျိုးသားအသင်းနှင့် လပွတ္တာခရိုင်အမျိုးသားအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)