မကွေး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခြင်းခံရသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဂုဏ်ပြုသြဝါဒစကား မြွတ်ကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရေးသည် နိုင်ငံအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊နိုင်ငံတော်အကြီးအကဲ၏ ပညာတတ်ပေါများရေး လမ်းညွှန်ချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ယူနိုင်မှုအခွင့်အလမ်းရရှိရေးကို အလေးထားကာ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလ တိုင်းပြည်တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များအား လူရည် ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်အတွက် ကိုယ်ကာယ ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိဉာဏ်ပညာ ထက်မြက်သော၊ အကျင့်စာရိတ္တကောင်းမွန်မြင့်မြတ်ပြည့်စုံပြီး လူအများနှင့် သဟဇာတရှိစွာ စုပေါင်းနေထိုင်ပူးပေါင်းဆောင်ရွက်တတ်သည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားပြည့်စုံသော လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လူရည်ချွန် စီမံကိန်းကို ၁၉၆၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့ရာမှ ၁၉၈၈ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှာ လူရည်ချွန် စီမံကိန်းကို ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်းအဖြစ် ပြန်လည်ဖော်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လူရည်ချွန် စီမံကိန်းအမည်ဖြင့် ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လူရည်ချွန် မောင်မယ်များကို ရွေးချယ်နိုင် ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအရ လူရည်ချွန်စခန်းများသို့ စေလွှတ်ခြင်းကို ရပ်နားခဲ့ရကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်မှုအခြေအနေများအရ လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပြုစုပျိုးထောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများ ပြည့်စုံရေးသာမက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို တန်ဖိုးထား၍ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ထက်မြက်ပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ချစ်မြတ်နိုး ထိန်းသိမ်းလိုသော စိတ်ဓါတ်နှင့် ခံယူချက်များကို အခြေခံပညာကျောင်းသား အရွယ်ကစ၍ နှလုံသွင်းနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဘဝတစ်လျှောက်လုံးတွင် လူတော်သာမက လူကောင်းဖြစ်လာစေရန်၊ တစ်နည်းအားဖြင့် လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်အတွက် ဤလူရည်ချွန်စီမံကိန်းကို ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် အခြားသူများထက် ကျောင်းသင်စာပေပညာ၊ အထွေထွေဗဟုသုတနှင့် ကိုယ်လက်ကြံ့ခိုင်ရေးတို့မှာ ထူးချွန်ထက်မြက်ရုံသာမက အများအကျိုးပြုလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ဗလငါးတန်ပြည့်စုံ သာလွန်အောင် ကြိုးစားခဲ့သူများဖြစ်တဲ့အတွက် ထူးချွန်သူ (Outstanding) ဖြစ်သူများအဖြစ် အသိအမှတ်ပြုပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မကွေးတိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်ပါစေကြောင်းနှင့် လေ့လာရေးခရီးစဉ် အစအဆုံး ကျန်းမာရွှင်လန်းစိတ်နှလုံးသာယာချမ်းမြေ့ပျော်ရွှင်မှုများရရှိပြီး နောင်ပညာသင်နှစ်များမှာလည်း လူရည်ချွန်အဖြစ် ပြန်လည်ရွေးချယ်ခံရသူများ ဖြစ်ကြပါစေကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ လူရည်ချွန်မောင်မယ်များက ပြည်မြန်မာတေးသီချင်း သီဆိုဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့သည်။
ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့်ငွေကျပ်(၂၅)သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများထံ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခြင်းခံရသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် တက်ရောက်လာသူများအား စားသောက်ဖွယ်ရာ လ္ဘက်ရည်၊ မုန့် အချိုရည်များဖြင့် တည်ခင်းဧည်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ