သရက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

သရက် ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သရက်ခရိုင်ခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သရက်၊ မင်းတုန်း၊ ကံမ၊ မင်းလှမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် "၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်မှာ ကျပ်ဘီလီယံ (၅၈၀.၄၁၁) ဖြစ်ပြီး တိုးတက်မှုနှုန်းအနေဖြင့် ၅.၉ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများကို ဒေသန္တရစီမံကိန်းရည်မှန်းချက် ပြည့်မီအောင် သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သရက်၊ မင်းတုန်း၊ ကံမ၊ မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးတို့အား ကဏ္ဍအလိုက် စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ပြီး ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(သရက်)