နတ်တလင်း ဧပြီ ၂၄
နိုင်ငံတော်ဖွံ့ဖြိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် မင်းခန့်ကျော်ခြွေလှေ့စက် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးကျော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
မေး။ ။ မင်းခန့်ကျော် ခြွေလှေ့စက်လုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်ဖြစ်တာပါလဲ။
ဖြေ။ ။ ခြွေလှေ့စက်လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာကတော့ ၂၀၀၉ ခုနှစ်မှာ လုပ်ကိုင်ခဲ့ပါတယ်။ စတင် လုပ်ကိုင်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကတော့ တစ်လုံးစနှစ်လုံးစ လုပ်ကိုင်ခဲ့ရပြီးတော့ ခုနောက်ပိုင်းမှာ တော့ တဖြည်းဖြည်းအလုပ်တွေ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။
မေး။ ။ လုပ်ငန်းဆောင်ရွက်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်လေးလည်း သိပါရစေ။
ဖြေ။ ။ လုပ်ငန်းဆောင်ရွက်ဖြစ်ပုံကတော့ ပထမပိုင်းတုန်းက ကျွန်တော်တို့ဟိုးတုန်းက စက်ကလေးတွေနဲ့ ခြွေကြတော့ အလေအလွင့်ဆုံးရှုံးမှုတွေများတာပေါ့ အဲ့ဒီလိုနဲ့ ကျွန်တော်တို့လည်း ခြွေလှေ့စက်ကောင်းကောင်း အလေအလွင့်နည်းမယ်၊ တင်းရေကျနှုန်းကောင်းမယ် တစ်နေ့ကို ပြီးတဲ့နှုန်းက မြန်မဲ့ဟာမျိုးကို တီထွင်ပြီးတော့ထုတ် လိုက်တာပေါ့ နောက်ပိုင်းကြတော့ စက်တွေက ပိုပြီးတော့ အဆင့်မြှင့်လာတယ် တောင်သူတွေအနေနဲ့လည်း အလေအလွင့် ကင်းကင်းလည်း ခြွေရတယ် တင်းကျနှုန်းလည်း တော်တော်ကိုမြန်ပါတယ်။
မေး။ ။ ခြွေလှေ့စက် အမျိုးအစား ဘယ်နှစ်မျိုးလောက် ထုတ်လုပ်ရောင်းချပါသလဲ။
ဖြေ။ ။ ခြွေလှေ့စက်အမျိုးအစားအနေနဲ့ကတော့ (၄) မျိုးလောက်ထုတ်ပြီးတော့ ပြောင်းဖူး ခြွေစက်သီးသန့်၊ အတောင့်ခြွေစက်သီးသန့် အပင်နဲ့ခြွေတဲ့ ပဲမျိုးစုံပေါ့ စပါးကစပြီးတော့ အကုန်လုံးခြွေလို့ရပါတယ် မျိုးစုံခြွေလို့ရမဲ့ စက်လည်း ထုတ်ပါတယ်။
မေး။ ။ ခြွေလှေ့စက် ဖြန့်ချိနေတဲ့ အခြေအနေနဲ့ ရောင်းအားအခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ ခြွေလှေ့စက်ဖြန့်ချိတာကတော့ တစ်နိုင်ငံလုံးကို မှာတဲ့နေရာ နေရာဒေသမရွေး အရောက်ပို့စနစ်နဲ့ ပို့ပြီးတော့ လိုက်လံပြီး တော့လည်း စမ်းသပ်ပေးပါတယ် တစ်နှစ်ကို တောင်သူတွေ ခြွေမဲ့ရာသီ နှစ်ရာသီခြွေမယ်ဆိုလည်း နှစ်ရာသီစပါးခြွေမယ်ဆိုလည်း လိုက်စမ်းပေးတယ် မတ်ပဲခြွေမယ်ဆိုလည်း လိုက်စမ်းပေးတယ် ပဲငပိအပါအဝင် ပဲမျိုးစုံခြွေတဲ့ အခါတိုင်းမှာ တာဝန်ယူပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးပါတယ် ရောင်းအားအနေနဲ့ကတော့ ခုနောက်ပိုင်းဆိုရင် ပိုပြီးတော့သိသိသာသာ ရောင်းအားကောင်းလာခဲ့ပါတယ်။
မေး။ ။ ကုန်ကြမ်းစုဆောင်းရရှိမှု အခြေအနေလေးလည်းသိပါရစေ။
ဖြေ။ ။ ကုန်ကြမ်းကတော့ ကျွန်တော်တို့ ရန်ကုန်နဲ့ပြည်မြို့ကနေပြီး အဓိကထားပြီးတော့ အများဆုံးမှာယူရပါတယ်၊၊
မေး။ ။ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်း သိပါရစေ။
ဖြေ။ ။ လုပ်ငန်းဆောင်ရွက်ပုံကတော့ အကြမ်းထည်ကနေစရတာပေါ့ သံပြားတွေဆိုရင်လည်း ကိုယ်လိုချင်တဲ့ အတိုင်းအတာ စက်ရဲ့ပေအရှည်ပေါ်လိုက်ပြီးတော့ ဖြတ်ရပါတယ် နောက်တစ်ဆင့် ကိုယ်လိုချင်တဲ့အတိုင်းအတာ ခေါက်ရပါတယ် အဲ့ဒါပြီးသွားတော့မှ အဖုံးတည်ဆောက်ပြီး ဝရိန်တို့တဲ့အကန့်ကိုပို့ရပါတယ် သံဖရိန်အပိုင်းကြတော့လည်း ဖရိန်ကို ကိုယ်လိုချင်တဲ့အတိုင်းအတာ ဖြတ်တောက်ပြီးတော့ ဖရိန်ဆင်တဲ့ဘက်ကို ပို့ရပါတယ် အဲ့ဒီနောက်မှာတော့ အဆင့်ဆင့် နောက်ဆုံးဆင်တဲ့သူကဘဲ လက်စသတ်ရတာပေါ့။
မေး။ ။ လက်ရှိလည်ပတ်နေတဲ့ အလုပ်သမားဦးရေလေးလည်း သိပါရစေ။
ဖြေ။ ။ လက်ရှိလည်ပတ်နေတဲ့ အလုပ်သမားဦးရေကတော့ လောလောဆယ် (၁၅) ဦးလောက် ရှိပါတယ်။
မေး။ ။ လက်ရှိလုပ်ငန်းအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲလေးလည်း သိပါရစေ၊၊
ဖြေ။ ။ လုပ်ငန်းအခက်အခဲကတော့ ကျွန်တော်တို့အနေနဲ့ အလုပ်သမားလိုအပ်နေတဲ့ အခက်အခဲရယ် ရင်းနှီးမြျပ်နှံမှု အပိုင်းကြတော့လည်း ငွေရေးကြေးရေးကဏ္ဍမှာ ပစ္စည်းဈေးတွေ တက်တဲ့အခါကြတော့ အခက်အခဲလေးတွေရှိတာပေါ့။
မေး။ ၊၊ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အကြံပြုစကားလက်ဆောင် ပြောပေးပါဦး။
ဖြေ။ ။ လူငယ်တွေ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်တော့မယ်ဆိုရင် မိမိစတင်လုပ်ကိုင်မဲ့ လုပ်ငန်းအကြောင်းကို တစ်စိုက်မတ်မတ် စနစ်တကျ စေ့စပ်သေချာစွာ လေ့လာသင်ယူပြီးတော့ လုပ်ငန်းကနေရရှိလာတဲ့ အတွေ့အကြုံတွေကိုအခြေခံပြီး အောင်မြင်အောင် ကြိုးစားစေလိုကြောင်း အကြံပြုပြောကြားလိုပါတယ်။
မေး။ ။ နိုင်ငံတော်ကအခုလို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရာမှာ မင်းခန့်ကျော် ခြွေလှေ့စက်လုပ်ငန်းအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ဆောင်ရွက်နေမှုကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ မင်းခန့်ကျော် ခြွေလှေ့စက် လုပ်ငန်းဟာဆိုရင် အသေးစား အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းမှာ မှတ်ပုံတင်ထားရှိပြီးတော့ နိုင်ငံတော်ကနေ MSMEချေးငွေ ထုတ်ချေးပေးတဲ့အတွက် လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ ပိုပြီးတော့အဆင်ပြေစွာ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပြီး မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကိုင်နေပါတယ်။
တွေ့ဆုံမေးမြန်းသူ- လဲ့ဝါမြင့်(IPRD)
ဓာတ်ပုံ- ဝေယံဖြိုး(နတ်တလင်း)