ပေါက်ခေါင်း ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးဧက(၂၃၀၀)မှာ စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄)ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးကြီးကြပ်အဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဆည်ရေသောက်စနစ်ဖြင့် နွေစပါး(၁၁၄၄၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ၊ အဆိုပါစိုက်ပျိုးပြီးစီးဧကများအနက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး(၂၃၀၀)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။ ယင်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရာတွင် သက်ဆိုင်ရာဌာနများနှင့် အကျိုးတူကုမ္ပဏီက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့နယ် ငါးခူအိုင်ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာအုပ်စုတို့ရှိ တောင်သူများမှ စိုက်ဧက (၂၃၀၀)ကို စိုက်ပျိုးထားရှိရာ ၎င်းစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ပေါက်ခေါင်းမြို့နယ်တွင် နွေစပါး (၁၁၄၄၆) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများအနေဖြင့် ရတနာတိုး၊ ရက် ၉၀၊ ထိုင်းနှံကောက်၊ ရေအနဲလို ၇၊ ဗီယက်နမ်၊ YSR-1နှင့် YSR-14 စသည့် စပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)