စုကလိ နိုဝင်ဘာ ၆
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် မဲရုံလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချမှုနှင့် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့ နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးသန့်စင်၊ စုကလိမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံသို့ လာရောက် မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ဆန္ဒမဲ အဆင်ပြေစွာ ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ မဲရုံများစနစ်တကျ ပြင်ဆင်ထားရှိမှုနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်က မဲရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသုံးပြုရန် Mask၊ Hand Gel နှင့် ဆပ်ပြာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)