ဘားအံ ဧပြီ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် အလျား ၁၇၇ ပေ၊ အနံ ၃၄ ပေ၊ ၁၈၉၂၀ စတုရန်းပေရှိ အလျား ၁၇၇ ပေ အနံ ၃၄ ပေရှိ (၆)ခန်းတွဲ(၄)ထပ် RC အဆောက်အဦ တည်ဆောက်မည့် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်မည့် ဆောက်လုပ်ရေးဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)၊ ဒုတိယ ညွှန်ကြားရေးမှူးဦးမြင့်သူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်စွာမြင့်နှင့်ဆေးရုံအုပ်ကြီးတို့က တည်ဆောက်မည့်မြေ နေရာ၊ အဆောက်အဦအမျိုးအစားနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားကာ အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄၊ ၆၊ ၇)ရပ်ကွက် မြို့ပတ်လမ်း ပေ(၄၀) အကျယ်လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြို့ပတ်လမ်းသစ်ဖောက်လုပ်ရာတွင် ပါဝင်သည့်လုပ်ငန်းစဉ်များ၊ တံတားနှင့် Box Colvert များထည့်သွင်းတည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းနှင့်မလွတ်ကင်းသည့် လူနေအိမ်၊ ခြံစည်းရိုးများအား လျော်ကြေးပေးအပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လမ်းသစ် ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် ထိခိုက်နစ်နာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများပြောကြားကာ အဆိုပါလမ်းသစ်ဖောက်လုပ်မည့်မြေနေရာနှင့် ဖောက်လုပ်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ထမလိန်းစံပြကျေးရွာအုပ်စု၊ ပိုင်ရမ်းကျေးရွာ၊ ကိုယ့်အားကိုကိုး ပြည်ရတနာဖြိုးမူကြိုကျောင်း စာသင်ဝိုင်းတွင် နည်းပြ၊ ကြီးကြပ်များမှ အသက်(၁၅)နှစ် နှင့်အထက် သက်ကြီးစာမတတ်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဘာသာရပ်များအလိုက် ထိရောက်သော နည်းစနစ်များဖြင့်စေတနာအရင်းခံ၍ စိတ်အားထက်သန်စွာ သင်ကြားသင်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ အဖွဲ့ဝင်များနှင့်အတူ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသင်ယူနေကြသည့် စာသင်သား များအား အားဖြည့်အချိုရည်များ ဝေငှပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တော်ပုံကျေးရွာတောင်စွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇဓမ္မအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာသင်ဝိုင်း၌ စာသင်သား ၂၁ ဦးတို့၏ သင်ကြားသင်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ အဖွဲ့ဝင်များနှင့်အတူ စာသင်သားများကို အားဖြည့်အချိုရည်များဝေငှပေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)