လူရည်ချွန်စခန်း (ချောင်းသာ) အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ချောင်းသာ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ လူရည်ချွန်စခန်း (ချောင်းသာ) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်လှစ်မည့် AZURA ဟိုတယ် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ‌ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး (စီမံ+ဘဏ္ဍာ) ဒေါက်တာကျော်စိုးနိုင်က လူရည်ချွန်စခန်း (ချောင်းသာ) အောင်မြင်စွာဖွင့်လှစ်နိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက လူရည်ချွန်စခန်း (ချောင်းသာ) တွင် လာရောက်လေ့လာစခန်းချနေထိုင်ကြမည့် လူရည်ချွန် လူငယ်၊ မောင်မယ်များ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကြိုဆိုနေရာချထားရေး၊ တည်းခို နေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့်ကျန်းမာရေး၊ သတင်းနှင့် ပြန်ကြားရေးစသည့် လုပ်ငန်းအစီအမံများကို ချပြညှိနှိုင်းဆွေး‌နွေးပြီး တက်ရောက်လာကြသည့် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ချောင်းသာမြို့ရှိ အ-ထ-က၊ အ-လ-က၊ အ-မ-ကများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကဏ္ဍအလိုက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြကြ သည်။

ယင်းနောက် လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်လှစ်မည့် AZURA ဟိုတယ်ဝန်းအတွင်းရှိ အခန်းဖွဲ့စည်းမှုအခြေအနေများ၊ ဧည့်ခံကျွေးမွေးပြင်ဆင်မည့် နေရာများနှင့် ဖွင့်ပွဲမုခ်ဦး၊ မြို့အဝင်မုခ်ဦး ပြင်ဆင်ထားရှိမှုတို့ကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာ) ဒေါက်တာ ကျော်စိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ချောင်းသာ(ပြန်/ဆက်)