ဒေးဒရဲ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် မြို့လယ်သံတန်ဆောင်းတော်ကြီး၏ နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၃၈) ကြိမ်မြောက် နာရီ (၉၀) အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် မြို့လယ်သံတန်းဆောင်းတော်ကြီးတွင် ကိန်းဝပ်စံပယ်လျက်ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို ဧပြီလ ၂၂ ရက်နေ့ ညနေ (၆) နာရီက စတင်၍ မြို့တွင်းလမ်းမများတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရားများ အပူဇော်ခံပွဲတွင် မြို့လယ်သံတန်ဆောင်းတော်ကြီး၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များက နာရီ (၉၀) ကြာ အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲမှ ရရှိသည့် ပရိတ်၊ ပဋ္ဌာန်းရေများ၊ ပရိတ်ကြိုးများ ပြည်သူများအား ဝေငှလှူဒါန်းခြင်း၊ ပြည်သူပြည်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းမများတစ်လျှောက် ပရိတ်၊ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ပရိတ်၊ ပဋ္ဌာန်းရေ များ ပက်ဖျန်းပေးခဲ့ရာ စေတနာရှင် ပြည်သူများက အလှူငွေနှင့် အခြားလှူဖွယ်ဝတ္တုများကို ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
အေဇာလင်း