မုံရွာ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်မျိုးတင့်က အပူဒဏ်အန္တရာယ် ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းများနှင့် စပ်လျဥ်းပြီး လည်းကောင်း၊ သားဖွာဆရာမ ဒေါ်လွင်လွင်အောင်က ခရမ်းလွန်ရောင်ခြည် ကာကွယ်ရန် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း အသီးသီး အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးကာ တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး အပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သည်။
ဟောပြောပွဲသို့ ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ပြည်သူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)