အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

အုတ်တွင်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အုတ်တွင်းမြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်၊ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်ပြီး ပိုမိုပြင်းထန်သော ရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျ စိုက်ထုတ်ရမှုလျော့ကျစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးကျော်မိုးနှင့် ကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဏာမကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေ စမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ဧပြီလအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဦးရေ (၁၈၅၀) ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)