တောင်တွင်းကြီး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီက မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့မစျေးအကျိုးတော်ဆောင်အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ စုစုပေါင်းအင်အား(၁၃)ဦးဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာများယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များအခမဲ့ဖြန့်ဝေခဲ့ကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေးအတွက် အသိပညာပေး (compaign) ပြုလုပ်ခြင်းကို အပါတ်စဥ် တနင်္လာနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)