လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

လွိုင်ကော် ဧပြီ ၂၃

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ၊ မိမိတို့ပြည်နယ်တွင် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်ထိ သန်းခေါင်စာရင်းကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း ၊ လူဦးရေနှင့်အိမ်အကြောင်းသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ‌ စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်သည့်စာရင်းအချက်အလက်များ ရရှိရေးအလေးထားဆောင်ရွက်ရန် မှာကြားလိုပြီး  ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်းစာရင်းကော်မတီများက အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်အောင်ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)