ဒေးဒရဲ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ပြည်သူများ နေ့စဥ်စားသုံးလျက်ရှိသည့် စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ စားသောက်ကုန်များ ရောင်းချလျက်ရှိသည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေး ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ပြည်သူများ နေ့စဥ်စားသုံးလျက်ရှိသည့် အစားအစာများ ဘေးကင်းလုံခြုံရေး၊ တာရှည်ခံဆေးများ၊ ဆိုးဆေးများ သုံးစွဲမှုမရှိစေရေး၊ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိစေရေးစသည့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ရမည့် အချက်အလက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတိုးပွားစေရေး မြို့နယ်ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ဟောပြောပွဲများ၊ အသိပညာ Talk Show များကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း