အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ဟင်္သာတ ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ)တွင် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ဟင်္သာတ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူးဦးသူရိန်က ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူတို့၏ဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့်သူများ အနေဖြင့်လည်း သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို သေချာစွာမှတ်သားလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကာလ တက်ရောက်ပြီးပါကလည်း အတတ်ပညာ၊ ဗဟုသုတများရရှိ၍ နိုင်ငံတော်အတွက် အထောက်အကူပြုနိုင်မည့် သင်တန်းသား/သူများ ဖြစ်ကြမည်ကို ယုံကြည်ပါကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဟင်္သာတ) ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဧပြီလ ၂၃ ရက်မှ မေလ ၂၂ ရက်အထိ (၁)လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)