ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် “သေသော်မှတည့် ဪကောင်း၏” စာအုပ် ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးမြင့်က “ရှေးဗမာကြီး များ၏ ဆင်းရဲပင်ပန်းခံနိုင်မှု အားထုတ်နိုင်စွမ်းရှိမှုနှင့် ဇွဲလုံ့လရှိမှု” အကြောင်းတို့ကိုလည်းကောင်း၊ Book Club အဖွဲ့ဝင်‌ဒေါ်ယဉ်လှက “မြန်မာလူမျိုးတို့သည် မိမိတို့ ဆည်းကပ်ကြသော ဘာသာရေး၏ သွန်သင်ချက်အရ လောဘနည်းသဖြင့် တပ်မက်မှုမရှိသည့်” အကြောင်းနှင့် Book Club အဖွဲ့ဝင် ဒေါ်လေးနွယ်က “မြင်းခင်းသဘင်တွင် သူရဲကောင်းတို့၏ မြင်းစီးကျွမ်းကျင်မှု” အကြောင်းတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်