ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ

ပုသိမ် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြမည့် မိမိတို့ တိုင်းဒေသကြီးမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ(၆၄)ဦးနှင့် ကြီးကြပ်သူဆရာ၊ ဆရာမ (၄)ဦးတို့အား ဂုဏ်ပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ဘက်စုံ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်သောကြောင့် မျိုးဆက်သစ် ညီငယ်ညီမငယ်များ၏ စံနမူနာပြဖြစ်ရန် လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာ လူရည်ချွန်စခန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ လူရည်ချွန်များစခန်းများသို့ ရောက်ရှိကြသည့်အခါ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များအား သိရှိပြီး ​ဒေသန္တရဗဟုသုတများ အား နှီးနှောဖလှယ်ဆွေးနွေးကြ‌စေလိုကြောင်း၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအ​နေဖြင့် အနာဂတ်ခေါင်းဆောင်များအဖြစ် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရ မည်ဖြစ်ပြီး ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူရည်ချွန်မောင်မယ်များ ဖြစ်စေရေး ကြိုးပမ်းကြ​စေလို​ကြောင်း” ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် ပုသိမ်မြို့အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ နှစ်ထပ်ကွမ်း လူရည်ချွန် မအိအိတုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်အောင်ခရိုင်ပညာရေးမှူးက Grade-9၊ Grade-10၊ Grade-11၊ Grade-12 တို့မှ လူရည်ချွန်မောင်မယ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် Grade-9 ၊ Grade-10 နှင့် Grade-11 ၊ Grade-12 တို့မှ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်မယ်များအား စားသောက်ဖွယ်ရာ များနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)