တောင်တွင်းကြီးမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်အရှင်သူမြတ်အား နိုင်ငံတော်အစိုးရကဆပ်ကပ်လှူဒါန်းသည့် “သဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု အခမ်းအနားကျင်းပ

တောင်တွင်းကြီး ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော()ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးစီးပဓာန နာယက၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂါစာရအရှင်သူမြတ်အား နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသည့်သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဂုဏ်ပြု ​ပူဇော်သည့် ဂုဏဝိသေဌ ပူဇာအခမ်းအနားအား ယနေ့နံနက် () နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကာ နတ်မောက်မြို့၊ ဖျောက်ဆိပ်ပင်စာသင်တိုက် ပဓာနနာယက၊ ဘဒ္ဒန္တ အဂ္ဂဝံသဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ၍ ကြွရောက်ချီးမြှင့်တော်မှုသည့် ဆရာတော်များမှ ရွတ်ပွားချီးမြှင့်တော်မှု​သော ပရိတ်တရားတော်များ နာယူပူ​​ဇော်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်အား ဘွဲ့လက်မှတ်တော်၊ အဆောင်အယောင်များ ဆပ်ကပ် လှူဒါန်းခြင်းနှင့် ဂုဏပူဇာ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တေးသံရှင် ဒေါ်ဝင်းဝင်းမာ(ယဥ်ကျေးမှုတက္ကသိုလ်)က ဘွဲ့တံဆိပ်တော်ဆရာတော် အရှင်သူမြတ်အား ရတုပိုဒ်စုံ၊ (၈၀) ပေါ်တေးထပ်၊ ဝတ်အသင်းအဖွဲ့များမှ ရှစ်လုံးဖွဲ့ အလင်္ကါများဖြင့် သီကျူးပူဇော်ခဲ့ပြီး   တောင်တွင်းကြီးမြို့နယ်၊ ကန်တော်မင်း ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေးခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)