မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၂၃

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်း လူငယ်သင်တန်းကို တက်ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချသင်ယူရသောကြောင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/အတတ်ပညာ ရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး အခြေခံလေကြောင်း လူငယ်သင်တန်းကို စိတ်ပါဝင်စားစွာနှင့် တက်ရောက်ကြသည့် လူငယ်များသည် နောင်တစ်ချိန်တွင် လေကြောင်းသိပ္ပံပညာရပ်များနှင့် ပတ်သက်ပြီး မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်လာရေး စာပေဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်ကြသည့် လူငယ်များအနေဖြင့် မိမိတို့ရပ်ရွာရှိ မိတ်ဆွေအပေါင်းအသင်းများကို သင်တန်းကပို့ချလိုက်သည့် လေကြောင်းပညာဗဟုသုတများ၊ နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေပေးသွားဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းမှပညာရပ်ကို စိတ်ပါဝင်စားလာပြီး မိမိဒေသအတွက် အကျိုးပြုမည့် လေကြောင်းဆိုင်ရာပညာရှင်များ ထွက်ပေါ်လာမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် လူငယ်တို့အနေဖြင့် လေကြောင်းသိပ္ပံပညာရပ်ကို ကိုယ်တိုင်ဆည်းပူး၊ လေ့လာ၊ တည်ဆောက်သင်ယူကြရမှာဖြစ်သလို လေယာဉ်လိုက်ပါစီးနင်းခြင်း၊ RC လေယာဉ် Simulator မောင်းနှင်ခြင်း၊ Radio Control/ Remote Control လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်မှုပြိုင်ပွဲအပြင် နေပြည်တော်နှင့် ရန်ကုန်မြို့ မှာရှိတဲ့ ဗဟုသုတရရှိစေမည့်နေရာများကို လေ့လာရေးသွားရောက်ခွင့်ရကြမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယနေ့နိုင်ငံတော်ကြီးဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာသည်နှင့်အမျှ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေဖြစ်သည့် လူငယ်များသည် ခေတ်စနစ်နှင့်အညီ ရင်ပေါင်တန်းလိုက်ပါပြီး တိုးတက်နေတဲ့ပညာရပ်တွေကို မျက်ခြေမပြတ် ဆည်းပူးလေ့လာသွားကြဖို့လိုကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာမှာအရေးပါလာသည့် ဒီလေကြောင်း သိပ္ပံပညာရပ်များကို ထက်မြက်ထူးချွန်စွာ ကြိုးစားအားထုတ်သင်ယူလေ့လာသွားကြဖို့ ပြောကြားလိုကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် မောင်တို့မယ်တို့တတွေရဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ပေါက်လာရေးတို့အတွက် ပြုစုလေ့ကျင့် ပျိုးထောင်ပေးနေခြင်းပဲဖြစ်ပါကြာင်း၊ လူငယ်များအနေဖြင့် လေကြောင်းလူငယ်သင်တန်းမှာ နည်းပြဆရာများ သင်ကြားပို့ချသည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာနဲ့ တတ်မြောက်အောင်သင်ယူမှတ်သား၍ အတွေ့အကြုံကောင်းများကို ရယူကြရန်လိုကြောင်း၊ နွေရာသီကျောင်းပိတ်ရက်မှာ အခါအခွင့်သင့်၍ ဒီသင်တန်းကို တက်ရောက်ခွင့် ရတာဖြစ်သည့်အတွက် နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ် လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင် ပြီရည်ရွယ်ချက်ထားပြီး ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝတဲ့ ကျောင်းသား/ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစကို ဒီသင်တန်းမှာ အပြည့်အဝ အသုံးချသွားကြပါလို့ တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်းက လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်ထံ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လေကြောင်းဆိုင်ရာသမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုအား လှည့်လည်လေ့လာအားပေးကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာ သမိုင်း၊ လေယာဉ် ပျံသန်းမှုအခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှုအခြေခံသဘောတရား၊ စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၂၄)ဦး သင်တန်းသူ(၂၆)ဦး စုစုပေါင်းသင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ