ဇီးကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ဇီးကုန်း မတ် ၂၃

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီးဒေါက်တာအောင်ကိုကို၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လက်ထောက်ဆရာဝန်ဒေါက်တာတင်နန္ဒာဝင်းနှင့် သူနာပြုဆရာမကြီး ဒေါ်အေးမြင့်ခိုင်တို့ကဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့)စစ်ဆေးကုသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၇၆)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းနှင့် လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)