ရှမ်းရွာသစ် ဧပြီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် တောင်ပေါ်ကွမ်းကြမ်းများလည်း အပါအဝင်ဖြစ်ရာ ဒေသထွက်ကွမ်းပေါင်းများ ဈေးကောင်းရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ကွမ်းပေါင်းဆိုသည်မှာ တောင်ပေါ်ရှိ သစ်ပင်ကြီးများအခြေတွင် ကပ်လျက်စိုက်ပျိုးသည့် ကွမ်းကြမ်းများကို ပြန်လည်ပေါင်းခံထားသည့်ကွမ်းရွက်များကို ပြန်လည်ထုပ်ပိုးထားခြင်း ဖြစ်သည်။ ကွမ်းကြမ်းများမှာ နွေရာသီတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလေ့ရှိသဖြင့် အဆိုပါကွမ်းကြမ်းများကို ပြန်လည်ပေါင်းခံကာ ကွမ်းပေါင်းအဖြစ် ရောင်းချခြင်းက တစ်နှစ်ပတ်လုံး ဈေးကောင်းရရှိပြီး ကရင်တိုင်းရင်းသား လူမျိုးစုအများဆုံး ကြိုက်နှစ်သက်သည့်အပြင် ပြည်နယ်အတွင်းတွင်လည်း ဝယ်လိုအားကောင်းကြောင်း၊ ကျေးရွာအုပ်စုများရှိ တောင်ပေါ်ဒေသများတွင် အဓိကထွက်ရှိပြီး ယခင်နှစ်တွင် ကွမ်းပေါင်း တစ်ပိဿာ(၃၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ကွမ်းပေါင်းတစ်ပိဿာ (၅၀၀၀)ကျပ် ရရှိကြောင်း၊ ကွမ်းပေါင်းများကို လှိုင်းဘွဲ၊ မြိုင်ကြီးငူအထူးဒေသနှင့် ဘားအံမြို့တို့မှ အဓိကဝယ်ယူလေ့ရှိကြောင်း၊ တောင်ပေါ်ကွမ်းကြမ်းဖြင့် ကွမ်းပေါင်းပြုလုပ်သည့် လုပ်ငန်းသည် တစ်နှစ်ပတ်လုံးလုပ်ကိုင်သည့် လုပ်ငန်းဖြစ်သဖြင့် ဒေသနေပြည်သူများ ဝင်ငွေရရှိနေသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးက ပြောသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု သည် စပါး၊ မြေပဲ၊ နှမ်း၊ ကြံ၊ ဝဥ၊ ငရုပ်၊ကွမ်းရွက်၊ ကွမ်းသီးများကို ရာသီအလိုက်စိုက်ပျိုးကြကာ ဒေသထွက်ကုန်များကို ဒေသတွင်းအပြင် လှိုင်းဘွဲမြို့နှင့် ဘားအံမြို့များကိုပါ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)