မင်းလှမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

အထက်မင်းလှ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ(၄)နာရီက ရုံးရပ်ကွက်မြောက်ပိုင်း၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကြွရောက်တော်မူသော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရတနာသံဖြူ ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက် အောင်‌ဗောဓိကျောင်းဆရာတော်အရှင်သူမြတ်မှ ရေစက်သွန်းချ တရားဟောကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးဇူးတင်စကားလျှောက်ထားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲသို့ ကြွရောက်တော်မူသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုခဲ့သည်။

ဆက်လက်၍ မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲသို့ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးရှိ အလှူရှင်များက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။ အဆိုပါ မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့ထိ (၅)ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)