ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်သင်ကြားပေး

ဒေးဒရဲ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို  ယနေ့ နံနက် () နာရီက  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် စေရေးနှင့် ထူးချွန်ထက်မြက်သော လူငယ်များ ပေါ်ထွန်းလာစေရေး အခမဲ့သင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပန်းချီပညာရှင် ဦးအေးမြင့်ဆွေက ကျောင်းသား၊ ကျောင်းသူများ သင်ကြားပြသပေးသွားမည့် အခြေခံပန်းချီ ရေးဆွဲနည်းများနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစား သင်ယူသွားကြ ရန် ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် နွေရာသီအခမဲ့ ပန်းချီသင်တန်းကို သင်ကြားပေးလျက်ရှိ ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရပြီး ပန်းချီရေးဆွဲနည်း သင်တန်းကို ၂၀၂၄ ခုနှစ် ဧပြီ (၂၂)ရက်နေ့မှ မေလ (၅)ရက် နေ့အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး အခမဲ့သင်တန်းများဖြစ်သည့် အခြေခံပန်းချီသင်တန်းအပြင် ဆေးရောင်ခြယ်သင်တန်း၊ ကဗျာရေးသားနည်း၊ စာစီစာကုံးရေးသားနည်းနှင့် အားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း