ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

ဘားအံ ဧပြီ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင် နှစ် လူရည်ချွန် ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ဆရာမများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ကရင်ပြည်နယ်ဂုဏ်ဆောင် ကျောင်းသားကျောင်းသူများအဖြစ်  စံနမူနာပြု ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့သွားရောက်ရမည့် လူရည်ချွန်စခန်များတွင် နိုင်ငံအနှံ့အပြားမှရောက်ရှိလာကြမည့် သူငယ်ချင်းများ နှင့်ခင်မင်ရင်းနှီးစွာဖြင့် မိမိတို့နေထိုင်ရာဒေသ ရိုးရာဓလေ့ထုံးစံများကို ဖလှယ်၍ ဒေသန္တရဗဟုသုတ များကို အတူတကွလေ့လာအပန်းဖြေကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူပြင်းသည့်ရာသီဥတု အချိန် အခါတွင် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုပြီး သက်ဆိုင်ရာလူရည်ချွန်စခန်းမှ ချမှတ်ထား သော စည်းကမ်းအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ လူရည်ချွန်အပန်းဖြေစခန်းမှ တွေ့ကြုံရရှိသော ဗဟုသုတများကိုအခြေခံ၍ နိုင်ငံ တော်မှအားထားရသော လူငယ်များဖြစ်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူး ဦးစသိန်းကျော်က လူရည်ချွန်လုပ်ငန်းစဉ် အပန်းဖြေခရီးစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ/မများအတွက် ငွေကျပ် ၂၂၂၈၀၀ဝိ-(နှစ်ဆယ့် နှစ်သိန်းနှစ်သောင်း ရှစ်ထောင်ကျပ်)နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လူရည်ချွန် ကျောင်းသား၊ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ဆရာမများအတွက် တစ်ဦးလျှင်ငွေကျပ်တစ်သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လူရည် ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကရင် ပြည်နယ်မှနေ၍ နဝမတန်း Grade-9 တွင် ကျောင်းသား၊ ကျောင်းသူနှစ်ဦး၊ ကြီးကြပ်ဆရာတစ်ဦးဖြင့် ပုဂံလူရည်ချွန်စခန်း၊ ဒဿမတန်း Grade-10 တွင် ကျောင်းသား၊ ကျောင်းသူနှစ်ဦး ကြီးကြပ်ဆရာမတစ်ဦးဖြင့် တောင်ကြီးလူရည်ချွန်စခန်း၊ ဧကဒဿမတန်း  Grade-11 တွင် ကျောင်းသား၊ ကျောင်းသူနှစ်ဦး၊ ကြီးကြပ်ဆရာမတစ်ဦးဖြင့် ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒဿမတန်း Grade-12 တွင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦး၊ ကြီးကြပ်ဆရာမတစ်ဦးဖြင့် ချောင်းသာလူရည်ချွန်စခန်းများသို့ နေပြည်တော်စုရပ်မှတစ်ဆင့် အသီးသီးပို့ဆောင်ပြီး ဒေသန္တရဗဟုသုတ လေ့လာစရာများကို လေ့လာမှတ်သား အပန်းဖြေကြရမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)