ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှုဆောင်ရွက်ပေး

ပေါက်ခေါင်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးပြီး စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်ပြီး တိုက်နယ်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လူနာ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်းနှင့် ရောဂါရှာဖွေခြင်း အထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာအခမဲ့ပေးခဲ့သည်။ ထို့နောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ‌တစ်ပိသာလျှင် ၅၇၀၀ နှုန်းဖြင့် လူတစ်ဦးလျှင် ၂ ပိသာနှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို လစဉ်ပင်စင်ထုတ်‌ပေးသည့်ရက်များ၌ ပြည်သူ့ဆေးရုံ၌ ဆေးကုသဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၅၃)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)