တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို   မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်  ဧပြီ  ၂၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်း ပြိုင်ပွဲသည် ၂၀၂၄ ခုနှစ်၊ မေလ (၂၂)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီး ကိုယ်စားပြုလက်ရွေးစင်ကစားသမားများ ရွေးထုတ်နိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကနေ အရည်အချင်းရှိသည့် ပိုက်ကျော်ခြင်းအားကစားသမားများကို စိစစ်ရွေးချယ်စခန်းသွင်း လေ့ကျင့်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ပိုက်ကျော်ခြင်း အားကစားသမားများအနေဖြင့် တိုင်းဒေသကြီး လက်ရွေးစင်အဖြစ်အရွေးချယ်ခံရအောင် ကိုယ်စီ ကျွမ်းကျင်မှု၊ မဆုတ်နစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်များကို အရင်းပြုပြီး အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်မှာကြားလိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အမျိုးသား/အမျိုးသမီးအသင်း၏ အောင်မြင်မှုမှာ၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ပိုက်ကျော်ခြင်းပြို်ငပွဲတွင် အမျိုးသား တတိယဆု၊၂၀၁၇ ခုနှစ်၊ အမျိုးသား(၂)ယောက်တွဲ ပထမဆု ဆွတ်ဆူးနိုင်ခဲ့သည်ကို တွေ့ရှိရပြီး ယခုလာမည့် ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိအောင် ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း အသင်းအောင်မြင်မှုရရှိရေးအတွက် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အားကစားသမားများပါ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်၊ ပိုက်ကျော်ခြင်း၊ အားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ အမျိုးသမီး ထားဝယ်အသင်းနှင့် တနင်္သာရီမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တို့က ကြည့်ရှုအားပေးရာ တနင်္သာရီမြို့နယ်အသင်း အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား(၈) သင်း၊ အမျိုးသမီး(၅)သင်းဖြင့် ဧပြီ(၂၆)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)