ကျွန်းစုမြို့တွင် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျွန်းစု ဧပြီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကို ရက်သတ္တပတ် (၄) ပတ်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့၍ သင်တန်းသားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သင်တန်းကို ဧပြီလ(၂၂)ရက်နေ့ မှ မေလ(၁၇)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံစစ်ရေးပြ၊ အခြေခံရေကူး၊ ရေကြောင်းဝေါဟာရများအကြောင်း၊ ရေတိုင်းကြိုးအမျိုးအစားများ၊ ကြိုးနှင့်ကြိုးအသုံးပြုပုံများ၊ ရေယာဉ်မောင်းနှင်မှုဆိုင်ရာများ၊ ရေကြောင်း လမ်းညွှန် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အချက်ပြဆက်သွယ်ရေး၊ မြန်မာ့လက်ရိုက်အလံအချက်ပြ မူတည်ဥပဒေသများ၊ အခြေခံလှေလှော်ရွက်တိုက်တွင် လှော်ခတ်နည်းစနစ်များ၊ လှေပေါ်တွင် လှော်ခတ်နည်းစနစ်များ၊ ရွက်လွှင့်ပုံအဆင့်ဆင့်များ စသည့်တို့ကို သင်တန်းနည်းပြ(၁၃)ဦး က သင်တန်းသား(၃၅)ဦး၊ သင်တန်းသူ(၁၆)ဦး၊ စုစုပေါင်း(၅၁)ဦးအား စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)