ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုနေရာတွင် အများသူငှာလေ့လာ အပန်းဖြေ ဂုဏ်ပြုနိုင်ကြ စေရန် ရင်ပြင်တော်နှင့်ပန်းခြံများပြုလုပ်

ဝန်းသို နိုဝင်ဘာ ၆

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှတ်ရွှတ် ချွှန်ချွှန်တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်ထုသစ်ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လနောက်ဆုံးပတ်မှာ တည်ထား ပြီးစီးခဲ့ပြီး လက်ရှိ အချိန်တွင်  ရပ်ဝေး ရပ်နီးမှပြည်သူများ အပန်းဖြေလေ့လာ ဂုဏ်ပြုနိုင်ကြစေရန် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ ရုပ်ထုတပ်ဆင်ခြင်းလုပ်ငန်းကို ရုပ်ထုဖြစ်မြောက်ရေးကော်မတီအဖွဲ့နဲ့ ရုပ်ထုပညာရှင် ဆရာစူးမြင့် သိန်းအဖွဲ့၊ ဒါကာ၊ ဒါကာမတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်၊ အခု ရုပ်ထုရင်ပြင်တော်နဲ့ လျှပ်စစ်မီး ကို လည်းတပ်ဆင်ပြီးစီးပါပြီ၊ ဆက်လက်ပြီးတော့ ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့် တကူဝင် ရောက်လေ့လာအပန်းဖြေဂုဏ်ပြုနိုင်ဖို့အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန်များကိုပြုလုပ် သွားမှာ ဖြစ်ပါတယ် “ဟု အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြား ခဲ့သည်။

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်ထုအား ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀၀၆ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ်တည် ထားခဲ့ပြီး ယခု အမြင့် ၁၈ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ် ရုပ်ထုအသစ် ကို ခန့်မှန်းငွေကျပ် သိန်း၃၅၀ကျော်ကုန်ကျခံ၍ ဝန်းသို- ကျောက်တန်းမြို့ထွက်တွင် တည်ထား လျက်ရှိ ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)