သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

သဲကုန်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်ထုတ်ယူရာတွင် ဧပြီလ၂၂ ရက်မှ ၃၀ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများအား နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး လစာငွေများအား အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကို သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင် (၁၁၀၈) ဦး၊ ကာကွယ်ရေးပင်စင် (၃၁၇) ဦး၊ နိုင်ငံရေးပင်စင်(၁၂၃)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား (၁၇) ဦး စုစုပေါင်းပင်စင်စား (၁၅၆၅) ဦးရှိကြောင်း​မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။ 

ကိုကျော် (ပြန်/ဆက်)