ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာဧက ၂၄၀ စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာဧက ၂၄၀ စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် အဓိကလိုအပ်ချက်ဖြစ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာစိုက်ပျိုးခြင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး တွန်းအားပေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဆောင်းသီးနှံ စိုက်ပျိုးရာမှာ  ဒေသခံတောင်သူတွေကို သီးနှံအထွက်နှုန်းများ ကောင်းမွန်စေဖို့အတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာစိုက်ပျိုးခြင်းကို ဧက ၂၄၀ လျာထားစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဇာစိုက်ပျိုးခြင်းကိုတော့ မိုးရာသီတွင် ဇူလိုင်လဆန်းပိုင်းလောက်မှာ စိုက်ပျိုးပြီး  ဆောင်းရာသီတွင် ဒီဇင်ဘာလလောက်မှာ စိုက်ပျိုးပါတယ်။ စိုက်ပျိုးရေးမှာဆိုရင် သီးနှံအထွက်နှုန်းကောင်းဖို့အတွက်က စိုက်ပျိုးနည်းစနစ်များ မှန်ကန်ဖို့ လိုအပ်သလို မြေဆီလွှာကောင်းမွန်ဖို့လဲ လိုအပ်တာဖြစ်လို့ ဒေသတွင်းရှိ တောင်သူတွေအနေနဲ့ ပိုက်ဆံလျှော်(သစ်စိမ်း)သဘာဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်စေချင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။    

ပွင့်ဖြူမြို့နယ်တွင် ပိုက်ဆံလျှော်(သစ်စိမ်း)သဘာဝမြေဩဇာ စိုက်ပျိုးခြင်းကို မိုးရာသီတွင် ဧက ၂၀ စိုက်ပျိုးနိုင်ခဲ့ ပြီး ဆောင်းရာသီတွင် ဧက ၂၄၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုသည့် ပိုက်ဆံလျှော်(သစ်စိမ်း)သဘာဝမြေဩဇာ စိုက်ပျိုးခြင်းကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )