ပဲခူး ဧပြီ ၁၈
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ သမ္မာဒေဝနတ်များအား ပင့်ဖိတ်ကာ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့မဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လျောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ပွဲတော်ကျင်းပရေးနာယက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား မီးစတင်ပူဇော်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် အလှည်ကျ ဂေါပအဖွဲ့ဝင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ ဧပြီလ(၁၈)ရက်နေ့မှ ဧပြီလ(၂၇)ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်များ၊ ကုန်ပစ္စည်းများရောင်းဝယ်ရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ၊ အခမဲ့ဇာတ်ပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာလျက်ရှိပြီး တန်ခူးလပြည့်နေ့တွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် အပါး (၅၀၀) အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းကောင်းမှုကုသိုလ်ဖြင့် ဆွမ်းဆန်စိမ်းနှင့် အခြား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)