ပုသိမ် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ စက်မှုဇုန်သို့သွားရောက်၍ တိုင်းဒေသကြီးတွင် မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြဲခင်းများ လျော့နည်းလာစေရန်ရည်ရွယ်လျက် လာမည့် မိုးစပါးရာသီတွင်စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးလာစေရန် စက်မှုဇုံများတွင် ဒေသအလိုက် မြေနှင့် မျိုးစပါးများအလိုက် ကိုက်ညီသည့် (Drum Seeder) များကို စမ်းသပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှု အားပေးဆွေးနွေးခဲ့သည်။
ဦးစွာ တာဝန်ရှိသူများက စပါးမျိုးစေ့ချကိရိယာ ဘီးခွေခြင်း၊ စပါးမျိုးစေ့ချ စည်လုံးအပေါက်ဖောက်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာရှိရန်လိုအပ်ပါကြောင်း၊ မိမိတိုင်းဒေသကြီးတွင် ထုတ်လုပ်အသုံးပြုခြင်းဖြင့်ထုတ်လုပ်မှု သယ်ဆောင်မှုစရိတ်သက်သာခြင်း၊ တောင်သူလိုအပ်ချက်ကိုပြင်ဆင်ပေးနိုင်ခြင်း၊ လိုအပ်သလောက် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့်ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန်များပူးပေါင်း၍ ဒေသ၏ရေမြေနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ သုတေသနပြုထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)