မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းများဆောင်ရွက်

မအူပင် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယနေ့ နံနက် (၉)နာရီက မြို့ရှောင် လမ်းဘေးရှိ ရတနာကောင်းကင် စက်သုံးဆီအရောင်းဆိုင်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးမှ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူးအသုံးပြု နည်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အမြန်ဆုံးမီးငြိမ်းသတ်နည်းများအားရှင်း‌လင်း ပြောကြား ပြီး မီးသတ်ဝန်ထမ်းများနှင့် စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ် နည်းများအား သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် အဖွဲ့သည် စက်သုံးဆီအရောင်းဆိုင်အတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ဆောင်ရွက်ထားရှိမှုများအား စမ်းသပ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)