ဒေးဒရဲမြို့၌ နှစ်ဦးအကြို စုပေါင်းအာဟာရဒါန စတုဒိသာကျွေးမွေးရေးပွဲတော် ကျင်းပ

ဒေးဒရဲ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားကြီးကွက်သစ်(ဘီ)လမ်းမိသားစုက နှစ်စဥ်ပြုလုပ်မြဲဖြစ်သည့် နှစ်သစ်ဦးအကြို စုပေါင်းအာဟာရဒါန စတုဒိသာကျွေးမွေးရေးပွဲတော်ကို ယမန်နေ့ညနေ (၄)နာရီက စတင်၍ အဆိုပါလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ဦးစတုဒိသာကျွေးမွေးလှူဒါန်းခြင်းပွဲတော်ကို မြန်မာနှစ်ဆန်း (၂)ရက်နေ့တွင် ဘုရားကြီးကွက်သစ်(ဘီ)လမ်းတစ်လျှောက်ရှိ မိသားစုများက စတုဒိသာအလှူအဖြစ် ထမင်း၊ မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲ၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ အုန်းဆန်ပြုတ်၊ ရေခဲမုန့်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ အချိုရည် စသည့် အာဟာရဒါနများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက မိမိကြိုက်နှစ်သက်ရာ ဆိုင်ခန်းများတွင်  တပျော်တပါး ဝင်ရောက်စားသုံး၍ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့တွင် ပြည်သူများက ဘေးအန္တရာယ်ကင်းရှင်းရေး ပရိတ်ပဋ္ဌာန်း ရွတ်ပွားပူဇော်ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းစသည့် နှစ်သစ်ဦးကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် မြန်မာနှစ်သစ်ဦး အခါသမယအား ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

အေဇာလင်း