စလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၇)ရွာမှ လူနေအိမ်(၄)လုံးပြိုကျခဲ့ပြီး လူနေအိမ်(၂၅)လုံးအမိုးလန်ပျက်စီး

စလင်း ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ယမန်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်၍  မိုးရွာသွန်းမှုကြောင့်  ရွာမကောကျေးရွာ၊ ညောင်အင်းကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ ရွာမှတ်ကျေးရွာအုပ်စုတို့မှ လူနေအိမ်(၄)လုံးပြိုကျခဲ့ပြီး လူနေအိမ်(၂၅)လုံး အမိုးလန်ခဲ့ကြောင်း သိရ သည်။

ရုတ်တရက် လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုကြောင့် ရွာမကောကျေးရွာအုပ်စု၊ ညောင်လက် တိုကျေးရွာမှ လူနေအိမ်(၂)လုံး အမိုးလန်၊ စကြော့ငယ်ကျေးရွာမှ လူနေအိမ်(၅)လုံးအမိုးလန်၊ ညောင်အင်းကျေးရွာအုပ်စု၊ နတ်စဥ်စုကျေးရွာမှ လူနေအိမ်(၆)လုံး အမိုးလန်၊ လူဝံကျွန်းကျေးရွာမှ  လူနေအိမ်(၃)လုံးအမိုးလန်၊ ချောင်းကောက်ကျေးရွာမှ  လူနေအိမ်(၂)လုံး ပြိုကျပျက်စီး၊ လူနေအိမ် (၂)လုံး အမိုးလန်ခဲ့၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုတောင်ကျေးရွာမှ လူနေအိမ်(၃)လုံးအမိုးလန်၊ ရွာမှတ်ကျေးရွာအုပ်စု၊ ရွာမှတ်ကျေးရွာမှ လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်(၄)လုံး အမိုးလန်ခဲ့ရာ စုစုပေါင်း ပြိုကျပျက်စီး(၄)အိမ်နှင့်  အမိုးလန်(၂၅)အိမ် အမိုးများလန် ပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့် ပြိုကျခဲ့သည့်  လူနေအိမ်များရှိ  အိမ်ထောင်စုများမှာ  နီးစပ်ရာဆွေမျိုးများ  နေအိမ်များတွင် နေထိုင်လျက်ရှိပြီး  ကျား(၆၃)ဦး၊ မ(၅၇)ဦး၊ စုစုပေါင်း လူဦးရေ(၁၂၀)ဦးတို့အား မိမိတိုကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

(မောင်လွင်)စလင်း